မြိတ် ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်နှင့် ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန်၊ အချိန်နှင့်တစ်ပြေးညီ အလျင်အမြန်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဇူလိုင် (၁၃) ရက် နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သည်။
သင်တန်းကို သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် လူမှုရေးအသင်းအဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဆိုင်ရာ သိသင့်သိထိုက်သော အခြေခံသဘောတရားများ၊ စည်းမျဉ်းစည်းကမ်းများ၊ နည်းစနစ်များ၊ အထွေထွေဗဟုသုတများ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသားများအတွက် သက်ထောက်ကူပစ္စည်းများ ပေးအပ်သည်။ သင်တန်းကို ပရဟိတအသင်းအဖွဲ့များမှ (၂၇) ဦး၊ အရန်/သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များမှ (၂၀) ဦးနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ (၃) ဦး စုစုပေါင်း သင်တန်းသား (၅၀) ဦးဖြင့် ဇူလိုင် (၁၃) ရက်မှ (၂၄) ရက်အထိ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
သင်တန်းတွင် သဘာဝဘေး စီမံခန့်ခွဲရေးဆိုင်ရာ ဗဟုသုတများ၊ ကျန်းမာရေးဆိုင်ရာဗဟုသုတများ၊ မိုးလေဝသဆိုင်ရာဗဟုသုတများ၊ ရှေးဦးပြုစုနည်းများ၊ အခြေခံကြိုးချည်နည်း၊ ကြိုးအသုံးပြုကယ်ဆယ်နည်း၊ ခေတ်မီကယ်ဆယ်ရေးပစ္စည်းများအသုံးပြုနည်း၊ အသက်ရှူကိရိယာအသုံးပြုနည်း၊ အမှောင်ထုအတွင်း သွားလာမှုစနစ်၊ ရေတွင်းအသက်ကယ်နည်းစနစ်၊ ချောက်ကမ်းပါးများကယ်ဆယ်ရေးနည်းစနစ်၊ ပြိုကျပျက်စီးနေသော အဆောက်အဦ၌ ကယ်ဆယ်ရေးစနစ်၊ ယာဉ်မတော်တဆမှုများ ကယ်ဆယ်ရေးနည်းစနစ်၊ အခြေခံအသက်ကယ်ဆယ်ရေးအထောက်အပံ့နှင့် လူနာသယ်ဆောင်နည်းစနစ်များကို သင်ကြားပို့ချသွားမှာဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)