ကျောက်မဲ ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များ စားသုံးနိုင်ရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် လုပ်ငန်းခွင်ကွင်းဆင်းစစ်ဆေးခြင်းများကို ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီ ၁၀ မိနစ်က ကျောက်မဲမြို့၊ ရပ်ကွက် (၉) အတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များနှင့် ထုတ်လုပ်သည့်နေရာများ၌ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာရီနှင့် ဝန်ထမ်းများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနများမှ ဝန်ထမ်းများ၊ ရပ်ကွက် (၉) အုပ်ချုပ်ရေးမှူး ဦးကျော်အောင်နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ရပ်ကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်များတွင် ကုန်အညွှန်း အမှတ်အသားများ စနစ်တကျဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးနှင့် တားမြစ်ဓာတုပစ္စည်းများ ပါဝင်ခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့ပြင် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေးအတွက် စစ်ဆေးခြင်းနှင့် စားသောက်ကုန်များ ဈေးကွက်သို့မရောက်ရှိမီ ထုတ်လုပ်သည့် လုပ်ငန်းခွင်နေရာများသို့ သွားရောက်ကာ ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်ခြင်း ရှိ/ မရှိတို့ကိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာ လိုက်နာရမည့်အချက်အလက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)