ဖယ်ခုံမြို့၌ စပါးမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

ဖယ်ခုံ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စပါးမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉နာရီက ကုန်းဆုံကျေးရွာအုပ်စု၊ မိုင်းဖြတ်ကျေးရွာတောင်သူ ဦးမောင်လေး၏ လယ်မြေ(၅)ဧကတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဖယ်ခုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်က စပါးမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများအတွက် လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးမှုပြဿနာများလျော့ချနိုင်ခြင်း၊ အတန်းလိုက်စိုက်ပျိုးခြင်းကြောင့် ပေါင်းလိုက်ခြင်းနှင့် ပိုးသတ်ဆေးပက်ဖြန်းရာတွင်လွယ်ကူခြင်း၊  ကောက်စိုက်စရိတ်ကြီးမြင့်သည့် အခက်အခဲများကိုကျော်လွှားနိုင်၍ ကုန်ကျစရိတ်သက်သာပြီး အချိန်တိုအတွင်းပြီးစီးနိုင်ခြင်း၊ စိုက်ပျိုးစနစ်မှန်ကန်မှုကြောင့် အထွက်နှုန်းပိုမိုတိုးတက်၍ ဝင်ငွေတိုးတက်ခြင်းနှင့် လယ်သမာများလက်တွေ့ကျကျသိရှိနားလည်နိုင်ရန်ရည်ရွယ်၍ ယခုလိုသရုပ်ပြပွဲကို ပြုလုပ်ရခြင်းဖြစ်သည်။ အဆိုပါ စပါးမျိုးစေ့ချကိရိယာဖြင့်(Drum Seeder)မိုးစပါးစိုက်ပျိုးခြင်းကိုအသုံးပြု၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လယ်ယာမြေများတွင် စပါးမျိုးစေ့ချစိုက်ပျိုးပုံနည်းစနစ်များကို လက်တွေ့ကွင်းသရုပ်ပြသည်ကို တက်ရောက်လာသည့်  ဌာနဆိုင်ရာအကြီးအကဲများနှင့် ကုန်းဆုံကျေးရွာအုပ်စု၊ မိုင်းဖြတ်ကျေးရွာရှိ လယ်စိုက်တောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်၊ပြန်/ဆက်