ကျောက်မဲ ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အထက်တန်းသူနာပြု ဒေါ်အိအိခိုင် ဦးဆောင်သောဝန်ထမ်းများက အဆိုပါကျောင်းရှိ KG တန်းမှ Grade 5 အထိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ ရောဂါရာဇဝင်နှင့် ကာကွယ်ဆေးထိုးနှံထားမှုအခြေအနေများကို မေးမြန်းစစ်ဆေးခြင်း၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများကို တိုင်းတာခြင်းများ ဆောင်ရွက်ကြသည်။
ထို့ပြင် အရေပြား၊ သွားနှင့်ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်း၊ နှလုံး၊ သွေးအားနည်း လက္ခဏာနှင့် သန်ကောင်ရောဂါလက္ခဏာများ ရှိ/မရှိ စစ်ဆေးပေးသည့်အပြင် မျက်စိပဏာမ စစ်ဆေးခြင်းလုပ်ငန်းများကိုပါ စနစ်တကျကြည့်ရှုစစ်ဆေးပေးခဲ့ကြောင်း သိရသည်။ ကျောက်မဲမြို့နယ်အတွင်းရှိ ကျောင်းကျန်းမာရေးစစ်ဆေးပေးရန်ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများသို့လည်း နယ်မြေအလိုက်ကွင်းဆင်း၍ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)