ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ လင်းခေးမြို့နယ်အတွင်း ပညာရေး၊ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လင်းခေး ဇူလိုင် ၁၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည်  ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း)  လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူတို့သည်  ၂၀၂၆ခုနှစ် Township Sport Development Programme(TSDP) အစီအစဥ်အရကျင်းပသည့် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး အခမ်းအနား၌ ပြည်နယ်လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားပြိုင်ပွဲများကို နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ လူငယ်မောင်မယ်များအနေဖြင့် အားကစားနည်းပညာရပ်များအား ကြိုးစားလေ့လာကာ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာအောင်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း   ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးက အားကစားပြိုင်ပွဲအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးငွေကျပ်သိန်း(၁၀၀)နှင့်အားကစားပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အားကစားပြိုင်ပွဲများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။ ထို့နောက် အခြေခံပညာအထက်တန်း ကျောင်းသား/ကျောင်းသူကလေးများက Fitness dance၊ ရှမ်းတိုင်းရင်းသားရိုးရာအကနှင့် လက်ရွေးစင်အားကစားသမားများက ဖျော်ဖြေတင်ဆက်ခဲ့ကြရာ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့က ဘင်ခရာတပ်ဖွဲ့နှင့်ဖျော်ဖြေရေးအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူတို့သည် လင်းခေးမြို့အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ ယင်းနောက် လင်းခေးပြည်သူ့ဆေးရုံသို့သွားရောက်ကာ၊ ဆေးကုသမှုခံယူနေသည့် လူနာများအားရင်း ရင်းနှီးနှီးတွေ့ဆုံ၍ ပံ့ပိုးငွေများပေးအပ်လှူဒါန်းခဲ့ကြပြီး၊ တာဝန်ရှိသူတို့၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။  ယင်းနောက် ဇူလိုင်၁၃ရက် နေ့မနက်ပိုင်းတွင် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူတို့သည်  ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်  (TSDP)အစီအစဉ်အရ  ကျင်းပပြုလုပ်သည့် မီနီမာရသွန် ပြိုင်ပွဲသို့တက်ရောက်အားပေးကာ၊ ပြိုင်ပွဲ၌ဆုရရှိသူများအား ဖလားဆုနှင့်ငွေသားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)