လားရှိုး ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဟင်းအဖြစ် ကြော်စား၊ ချက်စားခြင်းနှင့် အချဉ်သိပ်၍စားရသော ရာသီပေါ်အစားအစာ တောင်ပို့မှိုများဈေးကောင်းရရှိသဖြင့် မှိုရှာဖွေရောင်းချသည့်တောင်သူများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ တောင်ပို့မှိုများသည် နှစ်စဉ်မိုးရာသီကာလတွင် တောင်ယာခြံများနှင့် တောတွင်းရှိ တောင်ပို့များအနီးတွင် ပေါက်ရောက်လျက်ရှိသောကြောင့် မှိုရှာဖွေသည့်တောင်သူများအနေဖြင့် အဆိုပါနေရာများတွင် မှိုများရှာဖွေတူးယူရရှိသည်။ မှိုတစ်ကျင်းလျှင် အနည်းဆုံး ၅၀ကျပ်သားမှ အများဆုံး ၅ပိဿာခန့် တူးယူရရှိပြီး ယခင်နှစ်တွင် တောင်ပို့မှို တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၀ ခန့်ရရှိပြီး ယခုနှစ်တွင် ငွေကျပ် ၅၀၀၀၀ ခန့်ရရှိကာ ဈေးပိုမိုရရှိသဖြင့် မှိုရှာဖွေရောင်းချသည့် တောင်သူများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း မှိုရှာဖွေရောင်းချသည့် တောင်သူတစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)