ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်ခမ်းလူ ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ ကာလိမြို့၊ ခိုလမ်မြို့နှင့် လင်းခေးမြို့များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇူလိုင် ၁၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ ကာလိမြို့၊ ခိုလမ်မြို့နှင့် လင်းခေးမြို့များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကွန်ဟိန်းမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်ရာ ဆေးကုသမှုခံယူနေသည့် လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ အာဟာရဖြည့်အစားအစာများ ပေးအပ်သည်။ ယင်းနောက် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးနှင့်အလှူရှင်များက ဆေးရုံအတွက် လှူဒါန်းငွေများအား ပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ ကွန်ဟိန်းမြို့နယ်အားကစားကွင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက အားကစားကွင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက စံချိန်စံညွှန်းပြည့်မီသည့် အားကစားကွင်းဖြစ်စေရေးတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ အားကစားပစ္စည်းများအား ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ကွန်ဟိန်းမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများက ကျောင်း၏အခြေအနေများအားရှင်းလင်တင်ပြကြပြီး၊ ပြည်နယ်ဝန်ကြီးက ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် ကျောင်းဆောင်များအား ကဏ္ဍအလိုက် စနစ်တကျ ပြုပြင်ထိန်းသိမ်းရန် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးစာရေး ကိရိယာများနှင့် အားကစားပစ္စည်းများအား ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကာလိမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ခိုလမ်မြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ အာဟာရဖြည့်အစားအစာများ ပေးအပ်ကြသည်။ ယင်းနောက် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ပြည်နယ်ဝန်ကြီးနှင့် အလှူရှင်များက ဆေးရုံများအတွက် လှူဒါန်းငွေများအား ပေးအပ်လှူဒါန်းကြသည်။ ထို့နောက် ကာလိမြို့ အခြေခံပညာအထက်တန်း ကျောင်းနှင့် ကာလိမြို့နယ်၊ နမ့်တွတ်(ကုန်းပေါင်း) အခြေခံပညာအလယ်တန်းကျောင်း၊ ခိုလမ်မြို့ အခြေခံပညာအထက်တန်းကျောင်းများသို့ သွာရောက်စစ်ဆေးရာ တာဝန်ရှိသူများက ကျောင်းများ၏အခြေအနေများအား ရှင်းလင်းတင်ပြကြပြီး၊ ပြည်နယ်ဝန်ကြီးက ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် ကျောင်းဆောင်များအား ကဏ္ဍအလိုက်စနစ်တကျ ပြုပြင်ထိန်းသိမ်းရန် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် အားကစားပစ္စည်းများ၊ အလှူငွေများအား ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် ကွန်ဟိန်းမြို့နယ်၊ နမ့်တွတ်(ကုန်းပေါင်း)ကျေးလက် ကျန်းမာရေးဌာနခွဲတည်ဆောက်မည့် လျာထားမြေနေရာအား ကြည့်ရှုစစ်ဆေး၍ ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များ တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် လင်းခေးမြို့၊ ပြည်ငြိမ်းအေးအားကစားကွင်း၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ်၊ Township Sports Development Program (TSDP) အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ဦးစွာ ပြိုင်ပွဲဝင် အားကစားသမားအသင်းများအား ပြည်နယ်လူမှုရေးရာဝန်ကြီးအား အလေးပြုတန်းအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေး၍ အားကစားပြိုင်ပွဲများအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက ပြည်နယ်လူမှုရေးရာဝန်ကြီးအား  အလေးပြုတန်းအပ်ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားပြိုင်ပွဲများကို နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး အတွက်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ လူငယ်မောင်မယ်များအနေဖြင့်လည်း အားကစားနည်းပညာရပ်များကို ကြိုးစားလေ့လာပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်ပေါ်လာအောင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူ လေးများက Fitness Dance အက၊ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့်လည်းကောင်း၊ ဗိုဗီနမ်အားကစား သမားများက ဗိုဗီနမ်အားကစားများဖြင့်လည်းကောင်းဖျော်ဖြေတင်ဆက်ကြသည်။ ယင်းနောက်  အားကစားပြိုင်ပွဲများအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀) ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အားကစားပြိုင်ပွဲများအတွက် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလှူရှင်များက လှူဒါန်းငွေများ ပေးအပ်လှူဒါန်းကြသည်။

ပြည်နယ်ပြန်/ဆက်