တနင်္သာရီတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး  ကော့သောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းမှုများအား ကွင်းဆင်း ကြည့်ရှု

ကော့သောင်း ဇူလိုင် ၁၂

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးသည် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများနှင့်အတူ  ယ‌နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မလိဝမ်း)၏ ကော်ဖီနှင့် ကိုကိုးသီးနှံစမ်းသပ်စိုက်ကွက်များသို့သွားရောက်၍ ကော်ဖီနှင့်ကိုးကိုးသီးနှံများ အမျိုးအစားအလိုက် စမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့သည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ (၁၀)မိုင်ဥယျာဉ်ခြံသို့ သွားရောက်၍ ဥယျာဉ်ခြံအတွင်း မျိုးကောင်းမျိုးသန့်ပျိုးပင်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်နှင့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP)စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး တောင်သူများ လက်တွေ့စိုက်ပျိုးထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ ဟင်းသီးဟင်းရွက်နှင့်သီးပင်၊စားပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများ၊  ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်  မြို့နယ်အတွင်းမှ တောင်သူများအား ကော်ဖီ၊ ကြက်မောက်၊ မင်းဂွတ်၊ ဒူးရင်း၊ သီဟိုဠ်၊ အုန်း၊ ပိန္နဲ၊ ငရုတ်ကောင်းပျိုးပင်များ ဖြန့်ဖြူး‌ပေးနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု၍ ဆယ်မိုင်ပျိုးခင်းတွင် ကော်ဖီပျိုးပင်များ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုသည်။

ထို့နောက် ရွှေပြည်စိုးကျေးရွာအုပ်စု၊ သောင်ဖြူကျေးရွာရှိ တိုးတက်အောင်ကုမ္ပဏီလီမိတက်သို့ သွားရောက်၍ ဒေသတွင်းဝမ်းစာဖူလုံရေးအတွက် ဥစားကြက်မွေးမြူရေးလုပ်ငန်းနှင့် ဈေးကွက်အတွင်းကြက်ဥဖြန့်ဖြူး ရောင်းချနေမှုအခြေအနေများ၊ စွန့်ပစ်အညစ်အကြေးများအား အလေအလွှင့်မရှိရေး Bio Gas ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် သဘာဝမြေဩဇာရရှိရေး‌ ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကော့သောင်းမြို့ FOB စစ်ဆေးရေးစခန်းသို့သွားရောက်၍ ပင်လယ်ပြင်တွင် ငါးဖမ်းဆီးခြင်း၊ သယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်သည့် ငါးဖမ်း/ငါးသယ်ရေယာဉ်များ၏ ဝင်/ထွက်မှုများနှင့်ရေထွက်ပစ္စည်းများ FOB စနစ်ဖြင့် ပြည်ပသို့တင်ပို့မှုများအား ဌာနပေါင်းစုံပါဝင်သည့် (One Stop Service) အဖွဲ့များမှ သက်ဆိုင်ရာ ဌာနအလိုက်ဥပ‌ဒေလုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)