မြဝတီ ဇူလိုင် ၁၂
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ်ရှိ ၂၀၂၆- ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်လည်တက်ရောက်ပြီး စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများက ဇူလိုင် (၁၁)ရက်က မြို့နယ်ပညာရေးမှူးရုံးတွင် တွေ့ဆုံဆွေး နွေးပွဲကို ကျင်းပသည်။
ထိုသို့ ဆွေးနွေးရာ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရတနာဝင်းမောင်တို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသော ကျောင်းနေအရွယ်ကလေးများအား သတ်မှတ်ထားသည့် အတန်းများသို့ ပညာသင်ယူနိုင်ရေးအတွက် Placement Test စာမေးပွဲ ကျင်းပခြင်းဖြင့် ပညာပြန်လည်သင်ယူခွင့် အခွင့်အလန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သော ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းပြန်လည် တက်ရောက်၍ စာမေးပွဲဖြေဆိုကြရန် တိုက်တွန်းကြောင်း၊ လိုအပ်ချက်များကို တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်မည်ဖြစ်၍ ပညာများဆက်လက်ကြိုးစားသင်ယူစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူ(၄၅)ဦးတို့ က မိမိတို့၏ သဘောထားများပြန်လည် ဆွေးနွေးပြီး သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)