ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကြည့်ရှုစစ်ဆေး

တောင်ကြီး  ဇူလိုင် ၁၂

ရှမ်းပြည်နယ် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်၁၁ရက်နံနက်ပိုင်းက လဲချားမြို့တွင်ကျင်းပသည့် မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့တက်ရောက်ပြီး လဲချားမြို့ မိုင်းကိုင်မြို့နှင့် ကျေးသီးမြို့များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းကြည့်ရှုသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် လဲချားမြို့၌ ၂၀၂၆ ခုနှစ် Township Sports Development Program(TSDP) အစီအစဉ်အရ ကျင်းပသည့် မီနီမာရသွန်ပြိုင်ပွဲအား သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်ဆုရရှိသည့် အားကစားသမားများအား ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် လဲချားမြို့နယ်၊ မြို့မကျေးရွာအုပ်စု အတွင်းရှိ နောင်ခမ်းကန်အား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နောင်ခမ်းကန်၏ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက နောင်ခမ်းကန်သည် လဲချားမြို့၏ စိုက်ပျိုးရေးကဏ္ဍနှင့် သောက်သုံးရေဖူလုံရေးတို့အတွက် များစွာအကျိုးပြုသဖြင့် နောင်ခမ်းကန်အား စနစ်တကျပြုပြင်ထိန်းသိမ်းရန်အတွက် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် လဲချားမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(နောင်မိန်)၊ မိုင်းကိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(ပန်ကတ်)များသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကျောင်း၏ အခြေအနေများအား ရှင်းလင်တင်ပြကြပြီး ပြည်နယ်ဝန်ကြီးက ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် ကျောင်းဆောင်များအား စနစ်တကျ ပြုပြင်ထိန်းသိမ်းရန် တာဝန်ရှိသူများအားမှာကြား၍ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် အားကစားပစ္စည်းများအား ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိုင်းကိုင်မြို့နယ် အားကစားကွင်း၊ ကျေးသီးမြို့နယ်အားကစားကွင်းများသို့ သွားရောက်၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ အားကစားသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် မိုင်းကိုင်မြို့နယ်ပြည်သူ့ ဆေးရုံကြီးနှင့် ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသည့် လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး၍ အာဟာရဖြည့်အစားအစာများ ပေးအပ်လှူဒါန်းပြီး ပြည်သူ့ဆေးရုံအတွက် အလှူရှင်များက လှူဒါန်းငွေများအား ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကျေးသီးမြို့အခြေခံပညာအထက်တန်း ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ဝမ်ဆင်း)သို့သွားရောက်၍  တာဝန်ရှိသူများက ကျောင်း၏အခြေအနေများအား ရှင်းလင်တင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် အားကစားပစ္စည်းများအား ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)