တောင်ကြီး ဇူလိုင် ၁၂
၂၀၂၆ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက်အသက်(၂၃)နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင်(၁၀)ရက် ညနေ(၄)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များသည် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲစဉ်အဖြစ် လင်းခေးမြို့နယ်အသင်းနှင့် လားရှိုးမြို့နယ်အသင်း ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲတွင် လင်းခေးမြို့နယ်အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲကြောင်းသိရသည်။
ယင်းနောက်ဆုချီးမြှင့်ပွဲကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက်အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုများချီးမြှင့်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် တောင်ကြီးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့်ဆုဖလားအားလည်းကောင်း၊ အမျိုးသားသုံးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် လားရှိုးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုနှင့်ဆုဖလားအားလည်းကောင်း၊ အမျိုးသား ၄ ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လင်းခေးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့်ဆုဖလားအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)