ညောင်ရွှေ ဇူလိုင် ၁၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အဖွဲ့ဝင်များနှင့်အတူ ဇူလိုင်(၁၁)ရက်နံနက်ပိုင်းက ညောင်ရွှေမြို့ဖောင်တော်ပြန်(VIP)အဆောင်၌ အင်းလေးကန်သဘာဝရေပြင်အတွင်းသို့စုပေါင်းငါးမျိုးစိုက်များထည့်ပေးကြသည်။
အဆိုပါအင်းလေးကန်သဘာဝရေပြင်အတွင်းသို့ ရွှေဝါငါးကြင်း ကောင်ရေ ၆၉၀၀၀၊ ငါးခုံးမကြီး ကောင်ရေ ၆၉၀၀၀ ၊ ငါးမြစ်ချင်းကောင်ရေ ၆၉၀၀၀ စုစုပေါင်း ကောင်ရေ ၂၀၇၀၀၀ ကို ငါးမျိုးစိုက်ထည့်ပေးကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ညောင်ရွှေမြို့ ကန်ကြီးပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံသို့သွားရောက်၍ ညောင်ရွှေမြို့ပေါ်ရှိ ကန်ကြီးပရိယတ္တိစာသင်တိုက်၊ လှိုင်ကြူပရိယတ္တိစာသင်တိုက်၊ ရွှေကူပရိယတ္တိစာသင်တိုက်တို့အတွက် ဆွမ်းဆန်၊ ဆီများလှူဒါန်းသည်။ ထို့နောက် ညောင်ရွှေမြို့ ကန်ကြီးပရိယတ္တိစာသင်တိုက်ပဓနနာယက၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်) အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတထံငါးပါးသီလခံယူပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ် တရားတော်များနာယူဆောက်တည်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆွမ်းဆန်၊ ဆီ၊ လှူဖွယ်ဝတ္ထု ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်ပေးကာ ညောင်ရွှေမြို့ရွှေကူပရိယတ္တိစာသင်တိုက် ပဓာနနာယက မြို့နယ်သြဝါဒစရိယမဟာဂန္ထဝါစကပဏ္ဍိတထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကြောင်း သိရသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အင်းလေးကန်ရေပြင်အတွင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အင်းလေးကန်သန့်ရှင်းသာယာလှပရေး အတွက် ဒိုက်၊ ဗေဒါ၊ ရေမှော်ပင်များ သန့်ရှင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသရှိ အသေးစားဒေသထွက်ကုန်များ ထုတ်လုပ်ရောင်းချလျက်ရှိသော ဟဲယာရွာမရှိ စိန်သမာဓိငွေပန်းထိမ်လုပ်ငန်းအားသွားရောက်ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အင်းလေးကန်သာယာလှပရေးနှင့် အင်းလေးကန်ရေများမတိမ်ကောရေးအတွက် ငါးဖယ်ချောင်းရေလမ်းကြောင်းတွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သောင်တူးစက်ဖြင့်သဲနှုန်းများ ထုတ်ယူနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား သွားရောက်ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်းပြီး အလှူငွေများဆက်ကပ်လှူဒါန်းပေးကြရာ ဘုရားဂေါပကတာဝန်ရှိသူများမှလက်ခံရယူသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊တာဝန်ရှိသူများသည် အင်းပေါခုန်ကျေးရွာ ဦးသန်းလှိုင် ပိုးထည်၊ ကြာထည်၊ ချည်ထည်ယက္ကန်းရုံတို့အား သွားရောက်၍ အင်းလေးဒေသထွက်ဇင်းမယ်ယက်လုပ်ငန်း၊ ချည်ယက္ကန်းလုပ်ငန်း၊ ချည်ဆိုးဆေးလုပ်ငန်း၊ ကြာချည်လုပ်ငန်း၊ MSMEsအသေးစားလုပ်ငန်းဖြစ်သည့် အင်းလေးဒေသထွက် ဆည်ခေါင်းကျေးရွာတွင် ဒေသထွက်ပန်းပဲလုပ်ငန်းတို့ကို ကြည့်ရှုအားပေးသည်။ ဆည်ခေါင်းကျေးရွာပန်းပဲလုပ်ငန်းတွင် စားအုန်းဆီပေပါမှ ပန်းပဲလက်မှုအနုပညာဖြင့် ရေနွေးခရားအိုးများထုတ်လျက်ရှိသည့်အပြင် အခြားလယ်ယာသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လက်သမားသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)