တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ထားဝယ် ဇူလိုင် ၁၁

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်နေသည့် မြို့တွင်းရေစီးရေလာကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ‌ ဆောင်ရွက်‌နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ထားဝယ်မြို့၊ ဆန်းချီဝန်ထမ်းအိမ်ရာဝင်းအတွင်း ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး ဆိပ်ကမ်းသာလမ်းနှင့် ကမြောကင်းလမ်းထောင့် မြေယာရှုခင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ Tool Wall ကျောက်စီနံရံ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဆိပ်ကမ်းသာလမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး အလေးထားဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေကြီးရေလျှံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ထိန်သစ်ရပ်ကွက်၊ (၇)လမ်းထိပ်မှ ထားဝယ်မြစ်အထိ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း၊ ဆန်းချီရပ်ကွက်၊ ရတနာလမ်းနှင့် သုခလမ်း၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း၊ ဝဲကျွန်းဝန်ထမ်းအိမ်ရာဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က သူနာပြုသိပ္ပံကျောင်း (ထားဝယ်)တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး သင်တန်းသား၊ သင်တန်းသူများအား ကျွေးမွေးနေသည့် ထမင်းစားဆောင်၊ မီးဖိုဆောင်အား ကြည့်ရှုစစ်ဆေးကာ သူနာပြုသိပ္ပံ အောင်မြင်စွာဖွင့်လှစ်နိုင်ရန်အတွက် ကမ္ဇည်းမော်ကွန်းထားရှိသည့်နေရာနှင့် ဆိုင်းဘုတ်အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ကျောက်မော်ရပ်၊ ပြည်ထောင်စုလမ်းမကြီး၊ ထားဝယ်-မြိတ်ကားလမ်းနံဘေး ပေါက်တိုင်းချောင်းအား ကြည့်ရှုစစ်ဆေးပြီး ရေကြီးရေလျှံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်ရေး၊ မြို့သန့်ရှင်းသန့်ရပ်လှပစေရေးနှင့် အပတ်စဉ် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)