နေပြည်တော် ဇူလိုင် ၁၁
ဇေယျာသီရိမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်းရေလှောင်တမံအနီးတွင်ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမင်းဦး၊ ဦးထွန်းထွန်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သီဟ၊ ဇေယျာသီရိခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက သစ်တောသယံဇာတတွေ ရေရှည်တည်တံ့စေဖို့ သစ်တောဖုံးလွှမ်းမှုကောင်းမွန်စေဖို့ ဂေဟစနစ်ထိန်းသိမ်းနိုင်ဖို့ ရေဝေရေလဲဧရိယာတွေမှာ သစ်တောဖုံးလွှမ်းပြီး ရေစီးရေလာကောင်းမွန်စေဖို့နဲ့ သစ်တောထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူတွေတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေး တိုက်တွန်းနှိုးဆော်ဖို့ ရည်ရွယ်ပြီး သစ်ပင်စိုက်ပွဲတော်ကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ သစ်ပင်သစ်တောတွေ မြစ်ချောင်းအင်းအိုင်တွေကြွယ်ဝတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ သဘာဝအရင်းအမြစ်တွေ ပြည့်စုံစွာရှိနေပါကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရချိန်မှာ ဒီအရင်းအမြစ်တွေကို ကာကွယ်ဖို့ဆိုတာ လူများနဲ့သက်ရှိသတ္တဝါများ အသက်ရှင်သန်ရေးအတွက် အရေးကြီးတဲ့လုပ်ငန်းဖြစ်နေပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေဟာ နိုင်ငံရဲ့အုပ်ချုပ်ရေးမြို့တော်ဖြစ်တာနဲ့အညီ စိမ်းလန်းစိုပြည်သာယာလှပစေရေး လူနေမှုအဆင့်အတန်း မြင့်မားစေရေး၊ သာယာလှပပြီး Green City ၊ Clean City ၊ Smart City ဖြစ်စေရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအဝှမ်း သစ်တော ဖုံးလွှမ်းမှုတိုးတက်လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတု ပြန်လည်မျှတကောင်းမွန်စေရေးနဲ့ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သစ်တောသစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် နေပြည်တော်ကောင်စီအတွင်းရေးမှူးတို့က ကျွန်းပင်များကို ဦးဆောင်စိုက်ပျိုးခဲ့ပြီး တက်ရောက်လာကြသူများက ကျွန်း၊ ပိတောက်၊ စစ်၊ မယ်ဇလီ၊ ယင်းမာ စုစုပေါင်း (၇၁၀)ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)