သရက်ချောင်း ဇူလိုင် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်ရှိ တောင်သူ ဒေါ်ပြုံးပြုံးဆင့်၏ လယ်မြေ (၂.၅) ဧကအား မိုးစပါးကြဲခင်းအစား မျိုးစေ့ချကိရိယာ (Seeder) မိုးစပါးစိုက်ပျိုးခြင်းကို ယနေ့နံနက် ၈နာရီက တောင်သူပညာပေးစံပြကွင်းဖြင့် စိုက်ပျိုးပြသခဲ့သည်။
သရက်ချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများအတွက် လယ်ယာလုပ်သားရှားပါးချိန်နှင့် ကောက်စိုက်စရိတ် ကြီးမြင့်သည့် အခက်အခဲများကို ကျော်လွှားနိုင်၍ ကုန်ကျစရိတ် သက်သာပြီး အချိန်တိုအတွင်း ပြီးစီးနိုင်သော စိုက်ပျိုးစနစ်ဖြင့် ကြဲခင်းအစား မျိုးစေ့ချကိရိယာ (Seeder) စိုက်နည်းစနစ်ကို အသုံးချခြင်းဖြင့် မျိုးစေ့နှုန်းထားလျှော့ချနိုင်ခြင်းကို ရည်ရွယ်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်အတွင်း မိုးစပါးတစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ ဒေသဝမ်းစာဖူလုံရေးအတွက် ယခုနှစ် မိုးရာသီတွင် မိုးစပါး (၂၆၀၃၆) ဧက စိုက်ပျိုးထုတ်လုပ်ရန်လျာထားပြီး စပါးထုတ်လုပ်မှု တိုးတက်မြှင့်မားလာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရာသီဥတု၊ ရေ၊ မြေ၊ ဒေသကိုက်ညီသော အထွက်ကောင်းမျိုးများနှင့် အရည်အသွေး ကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးခြင်း၊ သွင်းအားစုများ စနစ်တကျ အချိန်ကိုက် အချိုးကျထည့်သွင်းခြင်း၊ ခေတ်မီလယ်ယာသုံး စက်ကိရိယာများကို တိုးတက်သုံးစွဲလာစေရန် ပေါင်းစပ်ကူညီပေးခြင်း၊ တောင်သူများအား စိုက်ပျိုးနည်းစနစ်များဆိုင်ရာ နည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများကို ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မှစ၍ မိုးစပါးကြဲခင်းအစား မျိုးစေ့ချကိရိယာ (Seeder) စိုက်နည်းစနစ်ကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာစေရန် တောင်သူပညာပေး စံပြကွင်းများဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထံမှ သတင်းရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)