ထားဝယ် ဇူလိုင် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က ကလေးအလုပ်သမားများသည် အဓိကအနေဖြင့် မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် ပညာသင်ယူခွင့်မရရှိဘဲအလုပ်လုပ်နေကြရသည်ကိုတွေ့ရပြီး မြန်မာနိုင်ငံ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် ပန်းတိုင်များတွင်ပါဝင်သော ဆင်းရဲမွဲတေမှုပပျောက်ရန်ဆောင်ရွက်ရာ၌ ကလေးအလုပ်သမားအရေးကိစ္စသည် စိန်ခေါ်မှုတစ်ရပ်အဖြစ်ပါဝင်နေကြောင်း၊ ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသော အသက်အရွယ်ထက်ငယ်ရွယ်ခြင်း၊ ဥပဒေပါ ကလေးအလုပ်သမားဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာအဓိပ္ပါယ်ဖော်ပြချက်များ၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအကာအကွယ်ပေးရန်အချက်များစသည်တို့ကို အသိပညာပေး ဟောပြောသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတရသစာအုပ်စာဆောင်များ၊ အသိပညာပေးပိုစတာများအား ကျောင်းသား/ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)