သရက်ချောင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် နိုင်ရေးလုပ်ငန်းဆွေးနွေးပွဲနှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

သရက်ချောင်း ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁နာရီက ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးလုပ်ငန်းဆွေးနွေးပွဲနှင့် ကျန်းမာရေးအဆင့်မြင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်သင်ကြားသည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က အခမ်းအနားသို့တက်ရောက်လာသူများအား "ကျောင်းကျန်းမာရေးလုပ်ငန်း"ဟာ နိုင်ငံတော်ရဲ့နောင်ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးဖြစ်တဲ့လူသားအရင်းအမြစ်တွေကိုအားကောင်းမောင်းသန်ဖြစ်အောင် ပျိုးထောင်ပေးတဲ့ အရေးကြီးတဲ့ မဟာဗျူဟာမြောက်လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ ကျောင်းသူ၊ ကျောင်းသားလူငယ်လေးတွေဟာ အနာဂတ်ရဲ့ အင်အားစုတွေဖြစ်တာကြောင့် ၎င်းတို့ရဲ့ အာဟာရပြည့်ဝမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု၊ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှုတွေဟာ ကျောင်းသင်ခန်းစာတွေလိုပဲအရေးကြီးပါကြောင်း၊ ယခု ၂၀၂၆ ပညာသင်နှစ်မှာ မိမိတို့ မြို့နယ်အတွင်းရှိ စာသင်ကျောင်းတွေကို "ကျန်းမာရေးမြှင့်တင်သည့် ကျောင်းများ" အဖြစ် အဆင့်မြှင့်တင်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ အဓိကလမ်းညွှန်ချက် (၃) ရပ်ကို အလေးထား ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများအောင်မြင်ဖို့ဆိုတာ ကျန်းမာရေးဌာနတစ်ခုတည်းရဲ့အင်အားနဲ့ မလုံလောက်ပါကြောင်း၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ပညာရေးဌာန၊ ဆရာ/ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များအားလုံးရဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှု (Intersectoral Collaboration) နဲ့သာ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်လာကြတဲ့ သင်တန်းသား၊ သင်တန်းသူများအနေနဲ့ မိမိတို့ ကျရာကဏ္ဍကနေ ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လက်တွေ့အသုံးချပြီး မိမိတို့မြို့နယ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားလေးတွေ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် "ကျန်းမာရေးမြှင့်တင်သည့် စံပြကျောင်းများ" ဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် တိုက်တွန်းကာ ပြောကြားသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက အခမ်းအနားသို့တက်ရောက်လာသူများအား ကျောင်းကျန်းမာရေးလုပ်ငန်းများ၏ ရည်ရွယ်ချက်၊ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီနှင့် ကျောင်းအဆင့်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီ၏ တာဝန်နှင့် ဝတ္တရားများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များ၊ ကျောင်းအခြေပြုကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းရည်မှန်းချက်များ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းရည်မှန်းချက်များ၊ ကျောင်းတွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ကျန်းမာရေးအဆင့်မြှင့် ကျောင်းထူထောင်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းနှင့် အခြားလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်လှအေးက ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ အကြံပြုရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)