ထားဝယ်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး

ထားဝယ်    ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဟောပြောပွဲကိုယနေ့နံနက်ပိုင်းက ထားဝယ်မြို့ အမှတ်()အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးမော်က ကလေးအလုပ်သမားများသည် အဓိကအနေဖြင့် မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် ပညာသင်ယူခွင့်မရရှိဘဲ အလုပ်လုပ်နေကြရသည်ကို တွေ့ရပြီး မြန်မာနိုင်ငံ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် ပန်းတိုင်များတွင်ပါဝင်သောဆင်းရဲမွဲတေမှုပပျောက်ရန်ဆောင်ရွက်ရာ၌ ကလေးအလုပ်သမားအရေးကိစ္စသည် စိန်ခေါ်မှုတစ်ရပ် အဖြစ်ပါဝင်နေကြောင်း၊ ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသော အသက်အရွယ်ထက် ငယ်ရွယ်ခြင်း၊ ဥပဒေပါ ကလေးအလုပ်သမားဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာအဓိပ္ပါယ်ဖော်ပြချက်များ၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအကာအကွယ်ပေးရန်အချက်များ စသည်တို့ကို အသိပညာပေး ဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတရသစာအုပ်စာဆောင်များ၊ အသိပညာပေးပိုစတာများအား ကျောင်းသား/ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)