မြိတ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ ကျေးလက်နေပြည်သူများအား အခမဲ့ဆေးကုသ 

မြိတ်    ဇူလိုင်   ၁၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များအဖွဲ့သည် မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဇူလိုင်(၁၀)ရက် နံနက်ပိုင်းက အင်္ဂမော်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျေးရွာပြည်သူများအား ကျေးရွာအရောက်ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်ကြသည်။

ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြိတ်ခရိုင်ကုသရေးဦးစီးဌာနမှူး၊ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်များအဖွဲ့သည် ပြည်သူများ၏ အထွေထွေရောဂါ(ဆေးပညာ)၊ ခွဲစိတ်ရောဂါ၊ ကလေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်၊ အရိုးရောဂါ၊ အရေပြားရောဂါ၊ မျက်စိရောဂါ၊ နားနှာခေါင်း လည်ချောင်းရောဂါနှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဝေဒနာရှင်များအား စမ်းသပ်စစ်ဆေးကုသပေးပြီး ဆေးဝါးများအခမဲ့ပေး၍ ကျန်းမာရေးစောင့်ရှောက်မှုပေးကြသည်။

ကျေးရွာအရောက် ကွင်းဆင်းဆေးကုသပေးခြင်းသည် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့်  ဆေးရုံတက်ရောက်ဆေးကုသမှုခံယူရန် လိုအပ်သည့် ဝေဒနာရှင်များ ဆေးရုံတက်ရောက်ကုသမှုခံယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့်  ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ထိုသို့ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဆေးကုသပေးရာတွင် အမျိုးသား(၁၄၁)ဦးနှင့် အမျိုးသမီး(၂၇၄)ဦး စုစုပေါင်း ဝေဒနာရှင် (၄၁၅) ဦးကို စမ်းသပ်စစ်ဆေး ကုသပေးနိုင်ခဲ့ပြီး ဝေဒနာရှင်များမှ ကလေးရောဂါ(၂)ဦး၊ မျက်စိ(၁၆)ဦးနှင့် အထွေထွေ ရောဂါ(၄၈)ဦးကို ပြည်သူ့ဆေးရုံတွင် ဆက်လက်ဆေးကုသမှုခံယူနိုင်ရန် ညွှန်းပို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခိုင်ထူး ( ပြန်/ဆက် )