ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ခွဲ)ပေါင်လင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ဟိုပုံး ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ခွဲ)ပေါင်လင်း၌ ကျင်းပသည်။

ဦးစွာ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံသားကောင်းများဖြစ်ပေါ်လာစေရန်၊ လူငယ်များကို မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ရောက်ရှိစေရန်၊ ခေါင်းဆောင်မှုအရည်အသွေးတိုးတက်မြှင့်မားလာစေရန်၊ လူငယ်များအသိပညာဗဟုသုတတိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်မှုတိုးပွားလာစေရန်နှင့် လူငယ်များဉာဏစွမ်းရည်မြှင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက Moderator အဖြစ်ဆောင်ရွက်ခဲ့ပြီး ပါဝင်ဆွေး‌‌နွေးပြောကြသူများဖြစ်ကြသော အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ခွဲ)ပေါင်လင်းမှ Grade-11 စိုင်းအောင်ခမ်း၊ Grade-11 နန်းလေခမ်း၊ Grade-11 မောင်ဝေဟန်သော်၊ Grade-11 မောင်ထွဋ်နေလင်းတို့က “လူငယ်နှင့် မီဒီယာကောင်းကျိုး၊ ဆိုးကျိုးများ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘေးအန္တရာယ်အကြောင်းသိကောင်းစရာ” ခေါင်းစဥ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ပြီး မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မိုးနိုင်က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများကိုလည်းကောင်း ကျောင်းသား၊ကျောင်းသူများအား ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရလက်ဆောင်များ  ပေးအပ်ခဲ့ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)