တာချီလိတ် ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာပြီး ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရန်အောင်မြေရပ်ကွက်ရှိ အမှတ် (၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် အမှတ် (၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ရဲသူရ သန့်ဇော်ဦး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေများကို အလေးထားလိုက်နာရန်၊ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များကို စည်းကမ်းတကျမောင်းနှင်ရန်၊ သတ်မှတ်အရှိန်နှုန်းထက်မကျော်လွန်စေရန်၊ မော်တော်ဆိုင်ကယ်စီးနင်းသူများအနေဖြင့် လုံခြုံရေးဦးထုပ်ဆောင်းရန်၊ မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် ထိုင်ခုံခါးပတ်ပတ်ထားရန်၊ အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်ခြင်းမပြုလုပ်ရန်၊ သတ်မှတ်နံပါတ်ပြားများ တပ်ဆင်ရန်နှင့် ယာဉ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများအား ယာဉ်နှင့်အတူထားရှိကြစေရန် အသိပညာပေးဟောပြောခဲ့ကြပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများပြီးဆုံး၍ စည်းကမ်းချက်ကျူးလွန်ဖောက်ဖျက်သူများကို ဇူလိုင်လ ၁၃ ရက်နေ့မှ စတင်ကာ ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း