တောင်ကြီး ဇူလိုင် ၁၀
ရှမ်းပြည်နယ်သံဃနာယကအဖွဲ့(ဂိုဏ်ပေါင်းစုံ)ကကြီးမှူး၍ သံဃနာယကသင်တန်း၊ ဝိနည်းဓိုရ်(ဆင့်ပွား)သင်တန်းနှင့် သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းရေးအလုပ်ရုံဆွေးနွေးပွဲကို တောင်ကြီးမြို့၊ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်၌ ကျင်းပလျက်ရှိရာ ဇူလိုင်လ(၁၀)ရက်နေ့၊ မနက်ပိုင်းက၊ ရှမ်းပြည်နယ်ဥပဒေချုပ်ဦးစိုင်းကျော်ဇံသည် အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဥပဒေဆိုင်ရာအကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးစွာ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက သံဃာတော်ရှင်သူမြတ်များအား ၂၀၀၈ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော သာသနာရေးဆိုင်ရာပြဋ္ဌာန်းချက်များ၊ သာသနာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်သံဃနာယကအဖွဲ့က ထုတ်ပြန်ထားကြေငြာထားသော သာသနာရေးဆိုင်ရာညွှန်ကြားချက်များ၊ ရာဇသတ်ကြီးဥပဒေပြဋ္ဌာန်းထားသော ဘာသာသာသနာဆိုင်ရာပြဋ္ဌာန်းချက်များ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ၊ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၏ပြစ်မှုပြစ်ဒဏ်များစသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးလျောက်ထားခဲ့ကြောင်း သိရသည်။ ထို့နောက် သံဃာတော်ရှင်သူမြတ်များသိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်နယ်ဥပဒေချုပ်ဦးစိုင်းကျော်ဇံက ပြန်လည်ရှင်းလင်း လျောက်ထားခဲ့ကြောင်းသိရသည်။ အဆိုပါ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့(ဂိုဏ်ပေါင်းစုံ)ကကြီးမှူး၍ သံဃနာယကသင်တန်း၊ ဝိနည်းဓိုရ်(ဆင့်ပွား)သင်တန်းနှင့် သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းရေး အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဥပဒေရုံးမှ တာဝန်ရှိသူများက Myanmar Law Information System (MLIA)၏ အဓိကလုပ်ဆောင်ချက်များပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များအား သံဃာတော်ရှင်သူမြတ်များထံ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)