တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲတက်ရောက်

ထားဝယ်     ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ၂၀၂၆ခုနှစ်၊ ဩဂုတ်(၂၄)ရက်မှ စက်တင်ဘာ(၂)ရက်အထိ နေပြည်တော်တွင်ကျင်းပမည့်ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန်အတွက် တိုင်းဒေသကြီးကိုယ်စားပြုလက်ရွေးစင် အားကစားသမားများ ရွေးထုတ်နိုင်ရန် ယခုပြိုင်ပွဲကိုကျင်းပခြင်းဖြစ်ကြောင်း​၊ ပြိုင်ပွဲကနေအရည်အချင်းရှိသော ပိုက်ကျော်ခြင်းအားကစားသမားများကို စိစစ်ရွေးချယ် သွားမည်ဖြစ်သဖြင့် တိုင်းဒေသကြီးလက်ရွေးစင်အဖြစ် အရွေးချယ်ခံရအောင် ကိုယ်စီကျွမ်းကျင်မှု၊ မဆုတ်နစ်သော ဇွဲ၊ လုံ့လ၊ ဝိရိယ၊ အားမာန်များကို အရင်းပြုပြီး အနိုင်မခံအရှုံးမပေး အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန်လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့်အောင်မြင်မှုကိုပြန်ကြည့်ပါက ၂၀၁၆ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသား တတိယဆု၊ ၂၀၁၇ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင်အမျိုးသား (၂)ယောက်တွဲ ပထမဆု ဆွတ်ခူးနိုင်ခဲ့သည်ကို တွေ့ရှိရပြီး ယခုလာမည့်ပြိုင်ပွဲတွင်လည်း အောင်မြင်မှုများ ရရှိကြိုးစားလေ့ကျင့်ယှဉ်ပြိုင်သွားကြရန်လိုအပ်ကြောင်း၊ ပိုက်ကျော်ခြင်းအားကစားသမားများအနေဖြင့် အရည်အချင်းပြည့်ဝသော တိုင်းဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးကိုယ်စားပြုတိုက်ကွမ်ဒိုအားကစားအဖွဲ့၏ သရုပ်ပြသနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ နှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးသည်။

ဆက်လက်၍ဝန်ကြီးချုပ်က တိုက်ကွမ်ဒိုအားကစားဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ(၁၀)သိန်းကျပ်နှင့် ဘင်ခရာအဖွဲ့အား (၅)သိန်းကျပ်ကို ပေးအပ်ချီးမြှင့်ပြီး အလှူရှင်များက ပိုက်ကျော်ခြင်း အားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း (၂၀) နှင့် တိုက်ကွမ်ဒိုအားကစားဖွဲ့အား ကျပ်သိန်း (၂၀) ပေးအပ်ချီးမြှင့်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အမျိုးသား(၁၀)သင်း၊ အမျိုးသမီး(၇)သင်းတို့က ဇူလိုင် ၁၅ ရက်အထိ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)