မြိတ် ဇူလိုင် ၁၀
တနင်္သာရီတိုင်ဒေသကြီး မြိတ်မြို့တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဇူလိုင် ၉ ရက် နံနက်ပိုင်းက အ.ထ.က(၇)နှင့် အ.ထ.က(၂)ကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက် ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူများအား အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းလင်းနှင့်ဝန်ထမ်းများက ဆောင်ရွက်ပေးနေမှုအား လွှတ်တော်ကိုယ်စားလှယ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် UID ကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ကြသည်။
လမင်းစီမံချက်ဖြင့် အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများရှိ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ ကျောင်းများသို့ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ဇွန်(၁)ရက်မှ ဇူလိုင်(၈)ရက်နေ့ထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၇၇၃)ဦးကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)