တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသက်နိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးသို့တက်ရောက်

ထားဝယ် ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပ သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က တိုင်းဒေသကြီးအတွင်းမှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းများ ပိုမိုအောင်မြင်အောင်အကောင် အထည်ဖော်နိုင်​ရေးနှင့် ကော်မတီဝင်ဌာန/အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးတို့အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏အနာဂတ်သည် နောင်တစ်ချိန်တွင် လူကြီးဖြစ်လာမည့် ကလေးများအပေါ်အများကြီးမူတည်နေသဖြင့် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသည့် ကလေးသူငယ် အခွင့်အရေးများကို ကလေးသူငယ်တိုင်း အပြည့်အဝရရှိအောင် ဖန်တီးဆောင်ရွက်ပေးနိုင်ရန်အရေးကြီး‌ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များသည် ကျယ်ပြန့်နက်နဲလှသည့်အတွက် ဌာနတစ်ခုတည်းက သာမက  ကော်မတီဝင် ဌာနများနှင့်အစိုးရ မဟုတ်သောအဖွဲ့အစည်းများမှ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒါ့ကြောင့်ကော်မတီအဖွဲ့ဝင်များအနေဖြင့် UNCRC က သတ်မှတ်ထား‌သည့် ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုး ဖြစ်ထွန်းစေသောမူ၊ ခွဲခြားသတ်မှတ်ခြင်းမရှိစေသောမူ၊ အသက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေသောမူ၊ ကလေးသူငယ်၏ ထင်မြင်ယူဆချက်ကို အလေးပေးစေသောမူစသည့်အချက်များကို အခြေခံထားပြီးမိမိတို့ တာဝန်ယူဆောင်ရွက်နေကြသည့် အခန်းကဏ္ဍများတွင် ကလေးသူငယ်အခွင့်အရေးများရရှိရန် ဦးတည်ဆောင်ရွက်ပေးသွားကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ကော်မတီ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာ က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြား​ပြီး ကော်မတီဝင်များက တိုကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် Talk Show ဆောင်ရွက်မှုအခြေအနေ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ ကလေးသူငယ်ကြီးကြပ်သူအစီရင်ခံစာဆောင်ရွက်မှုအခြေအနေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ ရသောကလေးသူငယ်များနှင့် အကျဉ်းထောင်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးများအား ထောက်ပံ့မှုအခြေအနေ၊ တိုင်းဒေသကြီးအတွင်း ပရဟိတဂေဟာများအား တည်ထောင်ခွင့်ပြုမိန့်နှင့် ထောက်ပံမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာ ဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)