တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသက်နိုင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့အစည်းအဝေးသို့ တက်ရောက်

ထားဝယ်  ဇူလိုင် ၁၀

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း တနင်္သာရီတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့အစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီခွဲက ထားဝယ်မြို့၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။

အစည်းအဝေးတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ရှေးဦးအရွယ် ကလေးသူငယ်သည် ကိုယ်ဝန်ဆောင်ချိန်မှ အသက်(၈)နှစ်အရွယ်ထိ သတ်မှတ်ထားပြီး အပိုင်းအခြားအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်‌သောကာလဖြစ်သည့်အတွက် ၎င်းကာလအတွင်း ရှေးဦးအရွယ်ကလေးသူငယ်များအနေဖြင့် ဖွံ့ဖြိုးမှု(၅)ရပ်ဟန်ချက်ညီညီ ဖွံ့ဖြိုးရန်လိုအပ်ကြောင်း၊ ယင်းလုပ်ငန်းသည်နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သည့်လုပ်ငန်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လည်း ၂၀၁၄ ခုနှစ်တွင် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒနှင့်ဥပဒေ၊ ၂၀၁၈ ခုနှစ်တွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေတို့ကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ တက်ရောက်လာကြသည့်အဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်းမှာရှိသည့် ရှေးဦးအရွယ်ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်ပြီး အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့်ဝန်ဆောင်မှုများ၊ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အကြံပြုဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ ညွန်ကြားရေးမှူး ဒေါ်ခင်သူဇာက ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး အဖွဲ့ဝင်များက ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ အားရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)