တနင်္သာရီတိုင်းဒေသကြီး  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး မြိတ်ခရိုင်အတွင်းရှိ နှစ်ရှည်သီးနှံပျိုးပင်များ ပျိုးထောင်ထားရှိမှုများနှင့် ရာဘာပင်ကြား ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေး

မြိတ် ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများသည် ဇူလိုင် ၉ ရက်နံနက်ပိုင်းက မြိတ်မြို့နယ် ရွှေဒူးကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြိတ်ခရိုင်အတွင်း နှစ်ရှည်သီးနှံစိုက် ဥယျာဉ်ခြံတောင်သူများအား အခမဲ့ဖြန့်ဖြူးပေးမည့် နှစ်ရှည်သီးနှံပျိုးပင်များ ပျိုးထောင်ထားရှိမှုများနှင့် ရာဘာပင်ကြား ဥယျာဉ်ခြံသီးနှံစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးနှင့်အဖွဲ့သည် နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (ရွှေဒူး)နှင့် မြေဆီလွှာဓာတ်ခွဲခန်းသို့သွားရောက်၍ တာဝန်ရှိသူများနှင့်ဝန်ထမ်းများအား တွေ့ဆုံပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးကဌာန၏ လုပ်ငန်း တာဝန်များဆောင်ရွက်ရာတွင် တာဝန်အပေါ် စေတနာပေါင်းစပ်ပြီး ပြည်သူ့အကျိုး၊ ဒေသအကျိုးကို အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးနှင့်အဖွဲ့သည် သုတေသနခြံအတွင်း ပျိုးထောင်ထားရှိသည့် ရာဘာနှင့်သီဟိုဠ်သီးနှံ ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် မြေဆီလွှာဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးသည့် စက်ပစ္စည်းများ၊ မြေဆီလွှာများ စမ်းသပ်စစ်ဆေး ဆောင်ရွက်ခဲ့မှုများအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ‌(ရွှေဒူးဥယျာဉ်ခြံ)တွင် မြိတ်ခရိုင်အတွင်း နှစ်ရှည်သီးနှံစိုက် ဥယျာဉ်ခြံ တောင်သူများအား အခမဲ့ဖြန့်ဖြူးပေးမည့် ကော်ဖီ၊ ကိုကိုး၊ ဒူးရင်း၊ ကြက်မောက်၊ သရက်၊ ကျွဲကော၊ မင်းဂွတ်၊ အုန်းနှင့် ငရုတ်ကောင်း ပျိုးပင်များ ပျိုးထောင် ထားရှိသည့် ပျိုးခင်းများနှင့် ရာဘာပင်ကြား ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေး ကြသည်။

ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ဒေသခံများစားသုံးမှု အထောက်အကူဖြစ်စေရန်နှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ယာယီရပ်နားထားရှိပြီး မကြာမီ မွေးမြူ ရေးလုပ်ငန်းကို ပြန်လည်အကောင်အထည် ဖော်ဆောင်ရွက်မည့် ထူးထူးတိုးအပြည်ပြည်ဆိုင်ရာကုမ္ပဏီ လီမိတက် ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုပြီး  ကုမ္ပဏီတာဝန်ရှိသူနှင့် တွေ့ဆုံကာဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ အဆောင်ကောင်းကုမ္ပဏီသို့ ‌သွား‌ရောက်၍ ပါကေးငါးကုန်ကြမ်းမှ တိရစ္ဆာန်အစာ ငါးမှုန့်ကုန်ချောအဖြစ် စက်ရုံလည်ပတ် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များကို အရည်အသွေးစံချိန်စံညွှန်း ပြည့်မီအောင်ဆောင်ရွက်ရေး၊ ဒေသခံများ၏ ကျန်းမာရေးနှင့်စိတ်အနှောင့်အယှက်ဖြစ်‌စေမည့် အနံ့ဆိုးများ မထွက်စေရေးအတွက် အဆင့်မြင့်နည်းပညာများဖြင့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

ယင်းနောက် မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ခရိုင်/မြို့နယ်ရုံးဝန်ထမ်းများအား တိုင်းဒေသကြီး ဝန်ကြီးမှတွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးက ငါးလုပ်ငန်းကဏ္ဍ ယခုထက်ပိုမိုတိုး‌တက်‌အောင်မြင်ရေးအတွက် လုပ်ငန်းတာဝန်များကို စေတနာပေါင်းစပ်ပြီး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)