ပင်လောင်း ဇူလိုင် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စု၊ ထာငိုကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု ကော်ဖီစိုက်ပျိုးနည်းပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာက သင်တန်းဆင်း အမှာစကားပြောကြားကြပြီး၊ သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသား/သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မြင့်သန်းနှင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၀) ဦး တက်ရောက်ကြပြီး၊ သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့ထိ ကော်ဖီမျိုးစေ့ပျိုးထောင်နည်းများ၊ ကော်ဖီပျိုးပင်များ ပြုစုနည်းများ၊ မြေနေရာရွေးချယ်မှုများ၊ ကော်ဖီစိုက်ပျိုးနည်း၊ အရိပ်ရပင်စိုက်ပျိုးနည်းများ၊ ကော်ဖီပင်များအား ဆီးမိုးနေကာပင်စိုက်ပျိုးနည်းများနှင့်ပိုးမွှားများနှင့်ရောဂါကာကွယ်နိုမ်နင်းခြင်း၊ ကော်ဖီဆံထုတ်ယူကြိတ်ခွဲထုတ်လုပ်ခြင်း စသည့်နည်းပညာများနှင့် ကော်ဖီတန်ဖိုးမြှင့်ထုတ်လုပ်နိုင်သည်အထိ နည်းပညာအဆင့်ဆင့်တို့ကို သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)