လင်းခေး ဇူလိုင် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတို့သည် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လင်းခေးမြို့၊ ရွာမကြီးအနောက်အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုမြတ်လင်းက အာဇာနည်နေ့ပေါ်ပေါက်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အတ္ထုပ္ပတ္တိအကျဥ်း၊ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓါတ်ကို အတုယူ၍ အနာဂါတ်တွင်ကြိုးစားဆောင်ရွက်သင့်ပုံများအား ဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲအပြီး ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့် အာဇာနည်နေ့နှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင် ပြပွဲနှင့်စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့် ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)