တောင်ကြီး ဇူလိုင် ၁၀
၂၀၂၆ခုနှစ်(ဒုတိယအကြိမ်) ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် (၉) ရက် နံနက် (၇) နာရီက တောင်ကြီးမြို့၊ တောင်ကြီး (ထင်း) ကြိုးဝိုင်းအတွင်း (လွိုင်ခမ်းအိမ်ရာစီမံကိန်း) မျက်နှာချင်းဆိုင်တွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရန် သစ်ပင်များ ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကရှမ်းတိုင်းရင်းသားအဖွဲ့နှင့် သူနာပြုသားဖွားကျောင်းကို သစ်ပင်ပျိုးပင်များကို ပေးအပ်ပြီး ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်ဆောင်ရွက်ပေးခဲ့သော လွိုင်ခမ်းအိမ်ရာစီမံကိန်းနှင့် စိန်နှင်းဆီကုမ္ပဏီတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအားလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အားလည်းကောင်း၊ ပြည်နယ်သယံဇတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက အမျိုးသမီးရေးရာအဖွဲ့အား လည်းကောင်း စိုက်ပျိုးရန် သစ်ပင်များ ပေးအပ်ကြသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် သစ်ပင်များ စိုက်ပျိုးပေးကြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သစ်ပင်စိုက်ပျိုးပွဲတော်တက်ရောက်လာကြသူများမှ သစ်ပင်စိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ၂၀၂၆ခုနှစ် (ဒုတိယအကြိမ်) ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မာတာကွတ်၊ ခါတော်မီ၊ ပိတောက်၊ ခရေ၊ စကားဝါ စသည့် သစ်မျိုး (၉) မျိုး အပင်ပေါင်း (၁၁၀၀) စိုက်ပျိုးပေးကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)