မိုင်းယောင်း ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရန် ကြိုတင်တားဆီးကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘွန်းစီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကို၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုတို့က အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကြိုတင်တားဆီးကာကွယ်နိုင်ရေး၊ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးနှင့် စတ်ကိုပြောင်းလဲသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို ဟောပြောပြီး အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဇီဝိတဒါန သွေးလှူဒါန်းသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးအား အာဟာရ ကြက်ဥ၊ ကွေကာအုပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း