ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စက်ချုပ်နည်းပညာ(မွမ်းမံ)သင်တန်းဖွင့်လှစ်

ဟိုပုံး ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ပအိုဝ်းရိုးရာအမျိုးသမီးဝတ်စုံ စက်ချုပ်နည်းပညာ(မွမ်းမံ)သင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်သည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက ပထမအကြိမ်ဖွင့်လှစ်သင်ကြားပေးခဲ့သော အခြေခံစက်ချုပ်နည်းပညာသင်တန်းမှာ အမျိုးသမီးဝတ် ဘလောက်အင်္ကျီ၊ ရင်စေ့၊ ရင်ဖုံး၊ နောက်ကွဲ၊ ကလေးဝတ်ဂါဝန်၊ ကလေး သင်္ဘောသားအင်္ကျီ၊ ဟာဝေယံရှပ်အင်္ကျီ၊ လုံချည်၊ သုံးလွှာစကပ်၊ ချိတ်စကပ်၊ ကလေးဝတ်ဘောင်းဘီစတဲ့ ဘာသာရပ်ပေါင်း(၁၁)မျိုးကို သင်ကြားပို့ချပေးခဲ့ပြီး ယနေ့ဖွင့်လှစ်တဲ့ မွမ်းမံသင်တန်းမှာတော့ ပအိုဝ်းရိုးရာအမျိုးသမီးဝတ်စုံကို သင်ကြားပေးသွားမှာဖြစ်ကြောင်းပြောကြားသည်။ အဆိုပါသင်တန်းကို ဇူလိုင်လ (၉)ရက်နေ့မှ ဇူလိုင်လ (၂၃)ရက်နေ့အထိ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)