မိုင်းတုံမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) အမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်

မိုင်းတုံ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးမှ ကြီးမှူးကျင်းပသော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) အမှတ်စဉ် (၁/၂၀၂၆) က ယမန်နေ့ နံနက် ၉ နာရီ ၃၀အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးစည်သူမျိုးမျိုးလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းအစီအမံများအား ရှင်းလင်း၍ သင်တန်းစတင်ခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းချိန် (၆) ကြိမ်၊ တစ်ကြိမ်လျှင် မိနစ် (၅၀) ဖြင့်  ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ (၂) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကို မိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မြို့နယ်၊ပြန်/ဆက်)