နမ့်စန်မြို့နယ်တွင် ကျောင်းသားကျောင်းသူများကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော၍ နံရံကပ်စာစောင်များ ပြသ

နမ့်စန်(တ) ဇူလိုင် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) သရဖီခန်းမတွင်  ဆောင်ရွက်ခဲ့သည်။

ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်က အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က ကျောင်းသားကျောင်းသူများသိသင့်သည့် လူကုန်ကူးမှု အန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (လွိုင်လင်မြို့) မှ ဒုရဲအုပ်ကျော်ဇေယျက လူကုန်ကူးမှုပြဿနာနှင့် နောက်ခံသမိုင်းကြောင်း၊ မြန်မာနိုင်ငံနှင့် လူကုန်ကူးမှုအခြေအနေ၊ ရွှေ့ပြောင်းသွားလာခြင်း၊ လူမှောင်ခိုခြင်း၊ လူကုန်ကူးခြင်းနှင့် လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပြီး လူကုန်ကူးမှု အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဟောပြောပွဲတက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့်ကျောင်းသား ကျောင်းသူများကို လူကုန်ကူးမှုအန္တရာယ်နှင့် အခြားအသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)