လားရှိုးမြို့တွင် ပြည်သူ့အကျိုးပြု ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကျင်းပ

လားရှိုး      ဇူလိုင်   ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊  တွဲဖက်ပြည်နယ်ရုံး (လားရှိုး)မှ ပြည်သူ့အကျိုးပြု ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၇ ရက်က သူနာပြုသင်တန်း‌ကျောင်း (လားရှိုး)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ  သူနာပြုသင်တန်း‌ကျောင်း(လားရှိုး)မှ ကျောင်းအုပ်(စီမံ) ဒေါ်နန်းခမ်းနွမ်းယုက အမှာစကားပြောကြားပြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ စစ်ဆေးရေးမှူး(၂) ဦးစိုးရွှေက မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်းမပြုမီ စစ်ဆေးရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်စီး ဦးထုပ်ဆောင်းခြင်း၊ ရှေ့ယာဉ်အားကျော်တက်ခြင်း၊ မိမိယာဉ်အား ကျော်တက်နိုင်ကြောင်းအချက်ပြခြင်း၊ ယာဉ်ကွေ့ရာတွင်လိုက်နာရန်များ၊ အခြားယာဉ်များအား ဦးစားပေးခြင်း၊ ခေတ္တရပ်ခြင်း၊ ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်း၊ ညအချိန်မောင်းနှင်ခြင်း၊ မိုးရွာနေချိန် မောင်းနှင်ခြင်း၊ အမျိုးသမီးများဆိုင်ကယ်စီးခြင်း၊ ဆိုင်ကယ်စီးရာတွင် သတိပြုရန်၊ လိုက်နာရန်၊ ရှောင်ရန်အချက်များ၊ ယာဉ်တိုက်မှုဖြစ်လျှင်လိုက်နာရန်အချက်များအား သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားသည်။

ထို့အပြင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်ရေးအသိပညာပေးလက်ကမ်းစာစောင်များအား  သင်တန်းသား၊ သင်တန်းသူများ ဖတ်ရှုလေ့လာနိုင်ရေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)