ရပ်စောက်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်

ရပ်စောက် ဇူလိုင် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နောင်ခမ်း၌ မြို့နယ်ပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းယုမေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က ကျောင်းသား၊ ကျောင်းသူများ စကားပြောစွမ်းရည်မြင့်မားလာစေရန် လူအများရှေ့၌ ရဲရင့်စွာပြောဆို ဆွေးနွေး တက်စေရန် တစ်ဦးနှင့်တစ်ဦးတိုင်ပင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ Grade-11 မှ မောင်ဟိန်းဝေယံလင်း၊ Grade-9 မှ မရွှန်းလဲ့ဟေမာန်၊ Grade-8 မှ  မခရေဖြိုး၊ Grade-7 မှ မအိသဇင်လှိုင်၊ Grade-6 မှ မောင်စိန်သန်းဦးတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်အင်တာနက်၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် စာဖတ်ခြင်းစသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကာ တက်ရောက်လာသော‌ ကျောင်းသား၊ ကျောင်းသူများက မေးခွန်းများအပြန်အလှန်မေးမြန်းခဲ့ကြပြီးလိုအပ်သည်များကို မြို့နယ်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ဖြည့်စွက်ပြောကြားခဲ့ကြသည်။

၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)