တောင်ကြီး ဇူလိုင် ၈
ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ်တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်(၇)ရက် မွန်းလွဲပိုင်းက တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဆေးတက္ကသိုလ်-တောင်ကြီး Final Part 2 FC အသင်းနှင့် Medical Year 4 (5/2026)FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Final Part 2 FC အသင်းက (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်းသိရသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ အမျိုးသမီး Cheer Leader ပြိုင်ပွဲတွင် “Cheer Leadering Award”နှစ်သိမ့်ဆုရရှိသောအသင်း၊ “Cheer Leadering Award” 3rd runner up၊ 2nd runner up ၊ 1st runner up၊ The Best Cheer Leadering Team ဆုရရှိသောအသင်းများအား ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၏ဇနီး ဒေါ်ခိုင်ဇာလင်းနောင်နှင့် ဆေးတက္ကသိုလ်-တောင်ကြီးမှတာဝန်ရှိသူများက လည်းကောင်း၊ ကွင်းလယ်ဒိုင်နှင့် စည်းကြပ်ဒိုင်များ အား ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ် ဒေါက်တာသဲနုထွေးကလည်းကောင်း ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပေးပြီး၊ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုနှင့် ပွဲစဥ်တစ်လျှောက် အကောင်းဆုံးဆု ရရှိသူများ၊ နှစ်သိမ့်ဆု(၁)၊ (၂)၊ (၃) ရရှိသည့်အသင်းများနှင့် အသန့်ရှင်းဆုံးဆုရရှိသည့် အသင်းအား ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ် ဒေါက်တာသဲနုထွေး၊ နည်းပညာတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ် ဒေါက်တာခင်ထိုက်ထိုက်လွင်နှင့် တာဝန်ရှိသူများကလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ပေးကြသည်။
ဆက်လက်၍ တတိယဆုရရှိသည့်အသင်းအား ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့်အသင်းအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း၊ ပထမဆုရရှိသည့် အသင်းအား ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)