တောင်ကြီး ဇူလိုင် ၇
ရှမ်းပြည်နယ်သံဃနာယကအဖွဲ့(ဂိုဏ်ပေါင်းစုံ)ကကြီးမှူး၍ သံဃနာယကသင်တန်း၊ ဝိနည်းဓိုရ်(ဆင့်ပွား)သင်တန်းနှင့် သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းရေး အလုပ်ရုံဆွေးနွေးပွဲ(ဖွင့်ပွဲ) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက၊ တောင်ကြီးမြို့၊ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်၌ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ခရိုင်မှဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားကို “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက၊ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသီရိဓမ္မာဘိပါလက ဩဝါဒကထာမြွက်ကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစိုင်းလုံကျော်က သာသနာဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားပြီး ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်ရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ရှမ်းပြည်နယ်သာသနာရေးမှူးရုံး၊ ညွှန်ကြားရေးမှူးက သင်တန်းစာရင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး အခမ်းနားကို “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)