မိတ္ထီလာ ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ လူငယ်ရဲ့ဘဝနှင့် တန်ဖိုးခေါင်းစဉ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ဇူလိုင် ၆ ရက် နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
လူငယ်စာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းမှဥက္ကဋ္ဌ စာရေးဆရာတင်တော်က အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် စာဖတ်ဝိုင်းကို ကျင်းပရာ စာရေးဆရာ အောင်သင်း ရေးသားသည့် လူငယ်ရဲ့ ဘဝနှင့်တန်ဖိုးစာအုပ်အား ကျောင်းသားကျောင်းသူများက ဆွေးနွေးခဲ့ရာ စာရေးဆရာမြင့်မားအောင်က ဆွေးနွေးမှုအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။ ယင်းနောက် ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့သည်။
အဆိုပါလူငယ်စာဖတ်ဝိုင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများက ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)