မက်မန်းမြို့ ပညာဒီပကေကျာင်းတိုက် ဦးစီးပဓာန နာယကဆရာတော်၏ (၆၆) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ ကျောင်းသူများ ဆုပေးပွဲအခမ်းအနား ကျင်းပ

မက်မန်း ဇူလိုင် ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ သာသနာတော်နှစ် ၂၅၇၀ ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၆ ရက်နေ့တွင် မက်မန်းမြို့ ပညာဒီပကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒသိရီအရှင်မြတ်ကြီး၏ (၆၆) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင် မက်မန်းမြို့ အမှတ် (၂) ရပ်ကွက်၊ ပညာဒီပဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မက်မန်းမြို့ ပညာဒီပကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္ဒစန္ဒသိရီထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်လာသော သံဃာတော်အရှင်မြတ်တို့မှ ပရိတ်တရားတော်များ ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မက်မန်းမြို့ ပညာဒီပကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော်ဘုရားကြီးအား ပူဇော်ကန်တော့လွှာဖြင့် ပူဇော်ကန်တော့ခဲ့ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝတ်အသင်းအဖွဲ့တို့က ဆရာတော်ဘုရားကြီးအား ရှစ်လုံးဘွဲ့ကဗျာဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။ထို့နောက် မက်မန်းမြို့ ပညာဒီပကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္ဒ စန္ဒသိရီ အရှင်မြတ်ကြီးကို  “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်ရေးမှူး ဦးကျော်မြင့်လှိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီ ဥက္ကဌ ဦးညီညီလွင်၊ မက်မန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခမ်းလူ၊ မြို့နယ်စီမံခန့်ခွဲရေးနင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထွန်းလင်းအောင်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင် အကြီးအကဲများ၊ ရပ်မိရပ်ဖများက လှူဖွယ်ဝတ္ထုအစုစုတို့ကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် သံဃာတော်အရှင်မြတ်တို့မှ အနုမောဒနာတရားတရားချီးမြှင့်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ဩကာသအမွှန်းတင်ကန်တော့ချိုးဖြင့် ပြန်လည်ကန်တော့ခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသည့် ဒါယိကာ/ဒါယိကာမများကိုယ်စား မြို့နယ်စီမံခန့်ခွဲရေးနင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ဆုတောင်းမေတ္တာပို့သလွှာဖြင့် ဆုတောင်းမေတ္တာပို့သခဲ့ကာ ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်းရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုအောင်မြင်စွာ ပြီးမြောက်ခဲ့ကြပြီး  သံဃာတော်အရှင်မြတ်တို့ကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး မွန်းလွဲ ၁ နာရီအချိန်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ကျောင်းသူများဆုပေးပွဲအခမ်းအနားကျင်းပခဲ့ရာ ပထမဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ဘုရားကြီးမှ အဖွင့်ဩဝါဒချီးမြှင့်ခဲ့ကာ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများကို ဆရာတော်ဘုရားကြီးမှ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ 

ဆက်လက်၍ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/ကျောင်းသူများကို တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်မိရပ်ဖများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုအောင်မြင်စွာ ပြီးမြောက်ခဲ့ကြကြောင်း သိရှိရသည်။

အေဇက်ထွန်း(မက်မန်း)