တိုက်ကြီးမြို့နယ် ဂျိုးဖြူကျေးရွာအုပ်စု ရန်ကုန်-ပြည်ကားလမ်း၌ ယာဉ်တိုက်မှုဖြစ်ပွား

တိုက်ကြီး       ဇူလိုင်  ၅

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်ကားလမ်း၊ ကျီးပင်အင်းသုဿာန်အနီး၌ ယမန်နေ့ညနေ ၄ နာရီခန့်က တိုက်ကြီးဘက်မှ ဥက္ကံဘက်သို့ မောင်းနှင်လာသော ယာဉ်မောင်း ဦးဇင်ကိုဥက္ကံမြို့နေသူ၏ TOYOTA WISH အဖြူရောင်(ကိုယ်ပိုင်)ယာဉ်သည် အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ZONE အဖြူရောင်ယာဉ်အား ဝင်ရောက်တိုက်မိပြီး တိုက်မိသည့် အရှိန်ကြောင့် ZONE အဖြူရောင်ယာဉ်သည် လားရာတူ လက်ယာဘက်ယာဉ်ကြောမှ TVS သုံးဘီးယာဉ်အား ထပ်မံတိုက်မိခဲ့ပြီး TVS သုံးဘီးယာဉ်မှာ ယာဘက်လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားပြီးနောက် TOYOTA WISH အဖြူရောင်ယာဉ်နှင့် ZONE အဖြူရောင်ယာဉ်တို့သည်လည်း တိုက်မိသည့်အရှိန်ကြောင့် ZONE အဖြူရောင်ယာဉ်၏ ရှေ့ဘီးဝင်ရိုးကျွတ်ထွက်ပြီး မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော TOYOTA PROBOX ယာဉ်၏ ဝဲဘက်ဘေးအား ထပ်မံတိုက်မိခဲ့မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရန်ကုန်-ပြည်ကားလမ်းမအလယ်တွင် တိမ်းမှောက်နေသော ZONE အဖြူရောင်ယာဉ်အား မင်းမိသားစုပိုင် ကရိန်းယာဉ်ဖြင့် လမ်းဘေးသို့ နေရာချခြင်း၊ TOYOTA WISH အဖြူရောင်ယာဉ်အား ကရိန်းယာဉ်ပေါ်သို့ ဆွဲတင်ခြင်း၊ ဖြစ်ပွားရာနေရာ၌ အင်ဂျင်ဝိုင်များ ဖိတ်ကျနေမှုကြောင့် ယာဉ်မတော်တဆမှု မဖြစ်ပွားစေရေး ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ထိခိုက်ဒဏ်ရာရသူများအား ခိုကိုးရာမဲ့အဘိုးအဘွား စောင့်ရှောက်ရေးနှင့် ကူညီကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် တိုက်ကြီးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)