လားရှိုးမြို့၌ ပျားမွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်

လားရှိုး ဇူလိုင် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပျားမွေးမြူမှုဖွံ့ဖြိုးရေးတာဝန်ခံရုံးအနေဖြင့် ပြည်သူတိုးချဲ့ ပျားမွေးမြူရေးပညာပေးသင်တန်းကို လားရှိုးမြို့ နယ်မြေ (၁)၊ ရပ်ကွက် (၉) ရှိ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲရုံး၌ ဖွင့်လှစ်ခဲ့သည်။

ဦးစွာ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲရုံး မြို့နယ်တာဝန်ခံ ဦးကြည်ခိုင်က ပျားအုံတစ်အုံ၏ ဖွဲ့စည်းပုံ၊ ပျားတို့ကျရောက်တတ်သောရောဂါများအကြောင်း၊ ပျားမွေးမြူခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ ဆီထွက်သီးနှံများဖြစ်သော နေကြာ၊ နှမ်းသီးနှံတို့ကို ပျားဖြင့်ဝတ်မှုံကူးခြင်းဖြင့် သီးနှံများအထွက်တိုးစေခြင်းတို့ကို မွေးမြူရေးတောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ ပျားအုံဖြင့် စာတွေ့၊ လက်တွေ့ သရုပ်ပြသင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား စုစုပေါင်း ၄၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

လူမော်(ပြန်/ဆက်)