တောင်ကြီး ဇူလိုင် ၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလိုင်းတစ်ပ်တို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ အာလူးအအေးခန်းစက်ရုံနှင့် တီကျစ်ကျောက်မီးသွေး ရေနွေးငွေ့ဓါတ်အားပေးစက်ရုံအား ဇူလိုင်လ(၄)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်တို့ဖြင့် ဆောင်ရွက်လျက် ရှိသည့် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ နောင်တရား Potato Group ကုမ္ပဏီလီမိတက်၏ အားလူးအအေးခန်းစက်ရုံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက အာလူးမျိုးများ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက အာလူးတွေကို အအေးခန်းစက်ရုံမှာ သိမ်းဆည်းခြင်း အားဖြင့် မျိုးအာလူးများအား ရေရှည်သိမ်းဆည်းနိုင်ခြင်းကြောင့် အာလူးအရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်လာမည်ဖြစ်ကြောင်း၊ အာလူးစိုက် ဒေသခံတောင်သူများ စိုက်ပျိုးထွက်ရှိလာသည့် အားလူးများသည် ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် စားရေရိက္ခာဖူလုံရေးအတွက် များစွာအကျိုးပြုလျက်ရှိရာ မျိုးအာလူးများသိုလှောင်နိုင်ရန် အာလူးအအေးခန်းစက်ရုံများစွာ လိုအပ်လျက်ရှိသဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းမှာကြားသည်။ ထို့နောက် အာလူးအအေးခန်း စက်ရုံအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ လိုက်ပါရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက ဒေသခံတောင်သူများ၏ အကျိုးစီးပွားအတွက် အာလူးများအား စနစ်တကျ သိုလှောင်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျောက်မီးသွေးမိုင်းတွင်းသို့ ရောက်ရှိပြီး ကျောက်မီးသွေးမိုင်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက ကျောက်မီးသွေးများ ထုတ်လုပ်မှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက လုပ်ငန်းခွင့်ဘေးအန္တရာယ်ကင်းရှင်းရေးဂရုပြုရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် မိုင်းတွင်း ပတ်ဝန်းကျင်တွင် သစ်ပင်များ စိုက်ပျိုးရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဝူရှီဟွာခေါင်းမြန်မာကုမ္ပဏီ လီမိတက်၏ တီကျစ်ကျောက်မီးသွေး ရေနွေးငွေ့ ဓါတ်အားပေးစက်ရုံအား အဆင့်မြှင့်တင်ပြုပြင်ခြင်းနှင့် ဘွိုင်လာအသစ်တည်ဆောက်၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ စက်ရုံမှ တာတန်ရှိသူတစ်ဦးက စက်ရုံလည်ပတ်မှု အခြေအနေအား ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ယင်းနောက် စက်ရုံပင်မထိန်းချုပ်ခန်း၏ လုပ်ဆောင်မှုများ၊ စက်ရုံလည်ပတ်မှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လိုက်ပါရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများက လုပ်ငန်းများအား သတ်မှတ်စည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိခိုက်မှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေး၍ စက်ရုံဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
ထက်ဝေ(ပြန်/ဆက်)