ကွန်ဟိန်း ဇူလိုင် ၅
စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု တည်တံ့ခိုင်မြဲစေရန်နှင့် တောင်သူများ၏ စိုက်ပျိုးမြေများ မြေဆီလွှာအရည်အသွေး ပိုမိုကောင်းမွန်လာစေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည်ထိုးမြှုပ်နှံခြင်း တောင်သူပညာပေး ကွင်းလက်တွေ့ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ သိန်းဖျံကျေးရွာရှိ တောင်သူ ဒေါ်နန်းနွမ်း၏ စံပြစိုက်ခင်း၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် ကွန်ဟိန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးဝင်းလှိုင်တို့က မိမိတို့ဒေသရှိ စိုက်ပျိုးမြေများ ရေရှည်အဟာရပြည့်ဝနေစေရန် ဓာတုမြေဩဇာ အလွန်အကျွံသုံးစွဲခြင်းကို လျှော့ချပြီး ယနေ့အချိန် ဓါတုဓါတ်မြေဩဇာများ ဈေးနှုန်းကြီးမြင့်နေသောကာလတွင် သဘာဝသစ်စိမ်းမြေဩဇာများကို စနစ်တကျ ပြောင်းလဲသုံးစွဲကြရန် လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် ယခုကဲ့သို့ လက်တွေ့ ပြသပွဲများမှတစ်ဆင့် ရရှိလာသည့် စိုက်ပျိုးရေးနည်းပညာကောင်းများကို မိမိတို့၏ စိုက်ခင်းများတွင် ထိရောက်စွာ အသုံးချကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်က ယခုကဲ့သို့ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည်ထိုးမြှပ်နှံပေးခြင်းဖြင့် မြေဆီလွှာအတွင်း သီးနှံများအတွက် လိုအပ်သော နိုက်ထရိုဂျင် (Nitrogen) ဓာတ်ကို သဘာဝအတိုင်း အများအပြား ဖြည့်တင်းပေးနိုင်ခြင်း၊ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိကို ကောင်းမွန်စေပြီး ရေထိန်းအားနှင့် လေဝင်လေထွက်ကို တိုးတက်ကောင်းမွန်စေခြင်း၊ ဓာတုမြေဩဇာသုံးစွဲရမှုကို လျှော့ချပေးနိုင်သည့်အတွက် တောင်သူများ၏ စိုက်ပျိုးစရိတ်ကို သိသာစွာ သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများစွာကို ရရှိခံစားရမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက စံပြစိုက်ခင်းအတွင်း ပိုက်ဆံလျှော်ပင်များအား မြေဆီ လွှာ တိုးတက်ကောင်းမွန်စေရေးအတွက် ထည်ထိုးမြှပ်နှံခြင်းအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။
ခွန်ရဲထွေး