မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ၂၀၂၆ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မောက်မယ် ဇူလိုင် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်နှင့် ရာသီဥတုမျှတစေရန် ရည်ရွယ်ပြီး  မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ  ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဟွိုလွိုင် ကျေးရွာအုပ်စု၊ မိုက်ညုစင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားရှင်းလင်းပြောကြားပြီး ပထမအကြိမ်သစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်သစ်တောတာဝန်ခံ တောအုပ်ဦးဇော်ညိုက ပျိုးပင်များအသီးသီးပေးအပ်ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်  ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများတို့က သတ်မှတ်နေရာအသီးသီးတွင် တက်ရောက်၍ တပျော်တပါးစိုက်ပျိုးကြသည်။ အဆိုပါ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း(၃၀၀)ပင်၊ စိန်ပန်းနီ(၃၀၀)ပင်၊ စိန်ပန်းပြာ (၃၀၀)ပင်၊ မယ်ဇလီ(၃၀၀) ပင်၊ စုစုပေါင်း(၁၂၀၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)