နမ့်စန်(တ) ဇူလိုင် ၅
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ကိုယ်စားပြု အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက နမ့်စန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ အသင်းအုပ်ချုပ်သူ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးအေးချမ်းနိုင်က တာဝန်ရှိသူများကို ပြည်နယ်အားကစားပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ရောက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက ယခု ပြည်နယ်အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် စည်းကမ်းရှိစွာဖြင့် ပြိုင်ပွဲဝင်စေလိုကြောင်း၊ ယခုပြိုင်ပွဲ တွင်အောင်မြင်မှု ရလဒ်ကောင်းများရရှိမည်ဟု မျှော်မှန်းထားပါကြောင်း၊ အားကစားသမားများအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေးဂရုစိုက်နေထိုင်ကြရန်နှင့် မြို့နယ်အတွက် အစွမ်းကုန်ကြိုးစားကြရန် ပြောကြားခဲ့ပြီး မြို့နယ်ကိုယ်စားပြုအားကစားအဖွဲ့ တာဝန်ရှိသူများထံသို့ အသင်းအောင်နိုင်ရေး အလံပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးဇေယျာဟန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများက ပြေးခုန်ပစ်နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်မည့် အားကစားသမားများအတွက် ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲနှင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင်လ ၆ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး နမ့်စန်မြို့နယ်မှ အသင်းအုပ်ချုပ်သူ(၁)ဦး၊ အသင်းနည်းပြ (၅)ဦးနှင့် ပြေးခုန်ပစ် အားကစားသမား (၁၇) ဦး၊ ပိုက်ကျော်ခြင်းအားကစားသမား(၆)ဦး စုစုပေါင်း (၂၉)ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးစောနိုင်ဝင်းထံမှ သိရသည်။
သူရအောင်(နမ့်စန်)