ထားဝယ်မြို့၌ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ထားဝယ် ဇူလိုင် ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ Polytechnic University (Dawei) တွင်ကျင်းပသည်။

ဟောပြောပွဲတွင်ထားဝယ်မြို့နယ်သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ရက်ပေါင်း(၁၀၀) စီမံချက်အရ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ ဇီဝမျိုးစုံ၊ မျိုးကွဲများ၏ သိကောင်းစရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းအရာများအား အသိပညာပေးဆွေးနွေးဟောပြောပြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ စစ်ဆေးရေးမှူး(၂) ဦးကျော်ဇင်လင်းထိုက်ကဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာရမည့်အချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ လမ်းညွှန်လမ်းအမှတ်အသား၊ အချက်ပြများ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့်သိရှိလိုက်နာရမည့် အချက်များအား ရှင်းလင်းဆွေးနွေး ဟောပြောသည်။

ထို့နောက် အမှတ် ၇၄ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှဒုရဲမှူးသန်းဇော်ဝင်းက ကျောင်းသား/သူများအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေပြီးအသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဟောပြောရခြင်းဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးရည်မှန်းချက်များ အောင်မြင်ရေးအတွက် ကျောင်းသား/သူများနှင့် ပြည်သူအားလုံး၏ လိုက်နာပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်းနှင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအကြောင်းအသိပညာပေး ဆွေးနွေးဟောပြောသည်။

ဆက်လက်၍တက်ရောက်လာသောကျောင်းသား/သူများနှင့်အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)