ဘားအံ ဇူလိုင် ၂
ဒေသတွင်း သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် တောင်သူလယ်သမားများအား အဘက်ဘက် မှ အားပေးကူညီ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ကိုင်စေလျှက်ရှိရာ ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာနှင့်ကော့ကျိုက်ကျေးရွာရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာအုပ်စုရှိ ရာသီသီးနှံ ဟင်းသီးဟင်းရွက်စိုက်ခင်း ၁၃ ဒသမ ၉၆ ဧက အတွင်း စိုက်ပျိုးရေး တောင်သူ ၁၃ ဦး၏ အောင်မြင်ဖြစ်ထွန်းနေသော သခွား၊ ခဝဲ၊ ပဲတောင့်ရှည်၊ ဘူး၊ တစ်သျှူးငှက်ပျော၊ ရုံးပတီ၊ မုန်လာဥစိုက်ခင်းများ၊ ငွေနှင်းမှိုနှင့် ကောက်ရိုးမှိုစိုက်ပျိုးရုံများကို ကြည့်ရှုအားပေးရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်နော်သူးလေထီးနှင့် စိုက်ပျိုးတောင်သူများက စားဖိုဆောင်သီးနှံဟင်းသီးဟင်းရွက်များကို တစ်နှစ်ပတ်လုံးစဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ ထိုသို့စိုက်ပျိုးထုတ်လုပ်ရာတွင် ကြုံတွေ့ရသည့်အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေလွတ်၊ မြေလပ်မကျန် ဖြစ်ထွန်းအောင်စိုက်ပျိုး၍ တောင်သူလယ်သမားဈေးနှင့် စည်ပင်သာယာဈေးများသို့ တင်ပို့ရောင်းချကြရန်နှင့် လိုအပ်သည်များအား သက်ဆိုင်ရာဌာနဆိုင်ရာများမှတစ်ဆင့် တင်ပြနိုင်ကြပြီး ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဝင်းကျန်ကျေးရွာအုပ်စုရှိ တောင်သူမင်းချမ်းလွန်၏ ရွှေရောင်လွှမ်း မျှစ်ရုံလုပ်ငန်းအား ကြည့်ရှုအားပေးပြီး ဝါးပင်များစိုက်ပျိုး၍ မျှစ်ချိုထုတ်လုပ်ရောင်းချမှုလုပ်ငန်းအား တိုးချဲ့လုပ်ကိုင်နိုင်ရေး ဆွေးနွေးပြောကြားကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ တရုတ်လှကော့ကျိုက်အုပ်စု၊ ကော့ကျိုက်ကျေးရွာရှိ မွေးမြူရေးတောင်သူဦးမောင်စိုး တစ်နိုင်တစ်ပိုင်မွေးမြူထားသော ဒေသနွား ရွှေနီမျိုး ၃၅ ကောင်နှင့် ဒေသဆိတ် ၁၀ ကောင်မွေမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးပြီး တောင်သူတိုးချဲ့မွေးမြူနိုင်ရေး လိုအပ်သည်များအား မေးမြန်းဆွေးနွေးကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထောက်ပံ့သော အာဟာရဆားခဲများနှင့် တိရစ္ဆာန်သုံးဆေးဝါးများကို အခမဲ့ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)