ဘားအံ ဇူလိုင် ၂
ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် “ပန်းတိုင်းပွင့်စေ ဖားစည်မြေ ပျိုမေဘဝ ဂုဏ်တင့်စွ” ဝတ်စားဆင်ယင်ထုံးဖွဲ့မှု သရုပ်ပြပွဲနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို အမျိုးသမီးဂုဏ်ရည် သီချင်းဖြင့်စတင်ဖွင့်လှစ်ပြီး ကရင်ပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ နာယက ဒေါ်နန်းဘေဘီမြင့်က နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသမီးထုကြီး၏ စွမ်းဆောင်မှုအင်အားဖြင့် အထောက်အကူပြု နိုင်ရန်အတွက် အမျိုးသမီးကဏ္ဍမြှင့်တင်ပေးမည့် မူဝါဒများ လုပ်ငန်းစဉ်များ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်း ယန္တရားများ ပိုမိုအားကောင်းခိုင်မာစေရန်နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ပိုမိုမြတ်နိုးတန်းဖိုးထားသည့် စိတ်ဓာတ်မြှင့်တင်ရေးအတွက် အမျိုးသမီးများကို လေ့ကျင့်ပျိုးထောင်ရန်ဆိုသည့် ရည်ရွယ်ချက်အတိုင်း ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများက ကရင်မျိုးနွယ်စု (၁၁)စု၏ ဝတ်စားဆင်ယင်မှုကို သရုပ်ပြသတင်ဆက်ခြင်းနှင့် ဘားအံတက္ကသိုလ်မှ ကျောင်းသူလေးများက မြန်မာတိုင်းရင်းသားအမျိုးသမီးဝတ်စုံများဖြင့် သရုပ်ပြသတင်ဆက်ခဲ့ကြပြီး အလှူရှင်များက ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့သို့ ပေးအပ်လှူဒါန်းသည့် အလှူငွေများအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ဇွန် ၂၆ ရက် နံနက်ပိုင်းက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်၌ ကျင်းပခဲ့သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့ များနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုများရရှိခဲ့ကြသည့် ကျောင်းသူများအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး၊ ဥက္ကဋ္ဌနှင့် နာယကက ဆုများပေးအပ်ချီးမြှင့်၍ အခမ်းအနားကို အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အင်အားသစ်များနှင့်အတူ ဂုဏ်ပြုတေးသီချင်းဖြင့် စုပေါင်းသီဆိုခဲ့ကြောင်းသတင်းရရှိသည်။
မျိုးမင်းဦး ပြန်/ဆက်