ဘားအံတက္ကသိုလ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဘားအံ   ဇူလိုင် ၂

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို သိရှိလိုက်နာကြစေရန် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ပိုင်းက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမတွင် ပြုလုပ်သည်။

ဦးစွာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇေဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇောဟန်က ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများ၊ လမ်းအသုံးပြုသူများ လက်စွဲစာစောင်ပါသိကောင်းစရာများ၊ ပြစ်မှုဆိုင်ရာအမှုများတွင်ပါဝင်သည့် ယာဉ်တိုက်မှုနှင့်စပ်လျဉ်း၍ သိကောင်းစရာများကိုလည်းကောင်း၊ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးသူရကျော်က ယာဉ်မောင်းလိုင်စင်အမျိုးအစားများ၊ ဆိုင်ကယ်စီးနင်းသူများလိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ လမ်းညွှန်လမ်းအမှတ်အသားနှင့် အချက်ပြများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီးနောက် ဟောပြောပွဲသို့  တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ဇင်လေး(ပြန်/ဆက်)